သင့်အဖွဲ့သားတွေကို အကောင်းဆုံး ဦးဆောင်နိုင်ဖို့ နားလည်ထားသင့်တဲ့ ခေါင်းဆောင်မှုပုံစံ ၆ မျိူး
November 17, 2020 2020-11-17 15:08သင့်အဖွဲ့သားတွေကို အကောင်းဆုံး ဦးဆောင်နိုင်ဖို့ နားလည်ထားသင့်တဲ့ ခေါင်းဆောင်မှုပုံစံ ၆ မျိူး

သင့်အဖွဲ့သားတွေကို အကောင်းဆုံး ဦးဆောင်နိုင်ဖို့ နားလည်ထားသင့်တဲ့ ခေါင်းဆောင်မှုပုံစံ ၆ မျိူး
လုပ်ငန်းတစ်ခုမှာ ဦးဆောင်နေရတဲ့သူတွေ၊ မန်နေဂျာတွေ အနေနဲ့ သင့်အဖွဲ့ကို ရောင်းအားတွေတက်လာစေဖို့၊ ရည်မှန်းချက်တွေ၊ target တွေပြည့်စေဖို့ စီမံခန့်ခွဲတဲ့ နေရာမှာ ပုံစံတစ်ခုနဲ့ပဲ အမြဲတမ်း ဦးဆောင် နေလို့မရပါဘူး။
သင့်အဖွဲ့ထဲက လူတွေရဲ့ အခြေအနေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မူတည်ပြီးတော့ သင့်တော်တဲ့ ခေါင်းဆောင်မှု ပုံစံကို ပြောင်းလဲ အသုံးပြုဖို့လိုပါတယ်။
ဒီနေရာမှာတော့ leadership style (ခေါင်းဆောင်မှု ပုံစံ) ၆ မျိုး အကြောင်းကို ဆွေးနွေးပေးချင်ပါတယ်။
ဒါတွေကိုနားလည်ထားတဲ့အခါ ကြတော့ သင့်အဖွဲ့ထဲက လူတွေရဲ့ အခြေအနေပေါ်မူတည်ပြီး သင်လိုချင်တဲ့ ရလဒ်ကို ရအောင် ဦးဆောင်လမ်းညွှန် သွားလို့ရတာပေါ့။
၁) Coercive Style
Coercive style ဆိုတာကတော့ အာဏာသုံးပြီး ဖိအားပေးတဲ့ ပုံစံမျိုးနဲ့ ခေါင်းဆောင်တဲ့ပုံစံပါ။ ဒီနည်းက သင့်ရုံးမှာ ပြဿနာ (crisis) တွေဖြစ်နေတဲ့အခါမျိုးမှာ၊ သင်ဦးဆောင်နေရတဲ့ အဖွဲ့ထဲမှာ ပြဿနာရှာနေတဲ့သူတွေ ရှိနေတဲ့အခါမျိုးမှာ “ငါပြောတဲ့အတိုင်းလုပ်” ဆိုတဲ့ပုံစံမျိုး နဲ့ ဒီနည်းသုံးဖြေရှင်းတာက သင့်တော်ပါတယ်။
ဒါပေမယ့် ဒီနည်းက အမြဲတမ်းသုံးလို့တော့ မကောင်းပါဘူး။ သင့်လက်အောက်က အဖွဲ့သားတွေထဲမှာ အထူးသဖြင့် စည်းကမ်းလိုက်နာပြီး အသစ်အဆန်းတွေကို ကြိုစားကြည့်တတ်တဲ့သူမျိုး တွေနဲ့အဆင်မပြေပါဘူး။ ဒါပေမယ့်လို့ စည်းနဲ့ကမ်းနဲ့ ဖြစ်ဖို့ လိုနေတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ ဒီနည်းနဲ့ဖြေရှင်းတာက သင့်တော်ပါတယ်။
၂) Authoritative Style
ဒီနည်းကလည်း အပေါ်က coercive နဲ့ဆင်ပါတယ်။ လုပ်ပိုင်ခွင့် အာဏာသုံးပြီး ခိုင်းတာမျိုးပါပဲ။ သင့် လုပ်ငန်းမှာ လုပ်နေတဲ့နည်းလမ်းတွေ၊ စနစ်တွေ၊ ပုံစံတွေပြောင်းဖို့ပြင်ဖို့ လိုနေတဲ့အခါမျိုးမှာ ဒီနည်း သုံးပြီး “ငါလုပ်တဲ့ နည်းအတိုင်းလိုက်လုပ်ပါ” ဆိုတဲ့ပုံမျိုးနဲ့ ဖြေရှင်းတာ ကသင့်တော်ပါတယ်။
ဥပမာ − သင့်လုပ်ငန်းမှာ စနစ် (system) တခုပြောင်းဖို့လိုနေတယ်။ ဒီစနစ်ကို သုံးလိုက်ရင် ကုန်ပစ္စည်း ထုတ်လုပ်မှုစွမ်းအားပိုကောင်းသွားမယ်။ ဒါပေမယ့် အစပိုင်းမှာတော့ အသစ်မို့ သုံးရတာ အသားမကျတာ အခက်အခဲရှိတော့ သင့်အဖွဲ့သားတွေက လိုက်မလုပ်ချင်ကြဘူး။ ဆွေးနွေးတဲ့နည်းကို သုံးနေရင် ကန့်ကွက်တာတွေက များနေတယ်ဆိုပါတော့။ ဒါဆို သင်က အာဏာနဲ့ ဒီနည်းသုံးပြီး လုပ်ခိုင်းတာမျိုးက ပိုထိရောက်ပါတယ်။
၃) Affiliative Style
ဖွဲ့စည်း ပေါင်းစုပြီးလုပ်ကြမယ်ဆိုတဲ့ ခေါင်းဆောင်မှုပေးတဲ့ပုံစံမျိုးပါ။ တကယ်လို့ သင်က အပေါ်က ပြောထားတဲ့ coercive style တို့ authoritative style တို့ စတဲ့ လုပ်ပိုင်ခွင့် အာဏာ ကိုသုံးပြီး ခေါင်းဆောင် လုပ်နေတာများလာတဲ့အခါ တစ်ခါတစ်လေ သင်နဲ့ သင့်အဖွဲ့အတွင်းမှာ ဆက်ဆံရေး တင်းမာသွားတာမျိုး ရှိတတ်ပါတယ်။
အဲ့ဒီအခါမျိုးမှာ ပြန်ပြီး နွေးထွေးတဲ့ ဆက်ဆံရေး ကိုတည်ဆောက်ဖို့လိုလာမယ်။ ပြီးတော့ အရောင်းအဖွဲ့ထဲမှာ motivation ကျနေတဲ့သူတွေကို ပြန်ပြီး motivate ပေးဖို့လိုတဲ့ အခါမျိုးတွေရှိမယ်။ ဒီလို အချိန်မျိုးမှာ အားလုံးတိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းပုံစံနဲ့ သင့်ရဲ့ အဖွဲ့ကို ဦးဆောင်မှုပေးတဲ့ affiliative leadership style ကသင့်တော်ပါတယ်။
၄) Democratic Style
ဒီနည်းကို တော့ သင့်လုပ်ငန်း၊ သင့်အဖွဲ့ထဲမှာ နည်းလမ်းအသစ်တစ်ခု စလုပ်ဖို့၊ ဒါမှ မဟုတ် ပြဿနာတစ်ခုခုကို ဖြေရှင်းနိုင်ဖို့ အဖွဲ့သားတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ အကြံဉာဏ်တွေ လိုနေတဲ့အခါမျိုးမှာ သုံးသင့ပါတယ်။
ဖြေရှင်းစရာ ကိစ္စ တစ်ခု ရှိလာပြီဆိုရင် ခေါင်းဆောင်တစ်ယောက် အနေနဲ့ သင့်အဖွဲ့သားတွေကို “ မင်းတို့ရောဘယ်လိုထင်လဲ” “ငါတို့ဘယ်လို ဖြေရှင်းကြရင် ပိုကောင်းတဲ့ရလဒ်ရမလဲ” စသည်ဖြင့် ကိုယ့် အဖွဲ့သားတွေ ရဲ့ အကြံဉာဏ်တွေကို ယူပြီး အတူတူ ဖြေရှင်းချင်တဲ့အခါ ဒီနည်းသုံးလို့ရမှာဖြစ်ပါတယ်။
၅) Pace-setting Style
ရှေ့ကနေ ဦးဆောင် ကြိုးစားပြတဲ့ခေါင်းဆောင်မှုပုံစံ ဖြစ်ပါတယ်။ ဒီနည်းကတော့ သင့်လုပ်ငန်းမှာ လက်ရှိအနေအထားထက် ပိုကောင်းအောင် လုပ်ဖို့လိုလာတဲ့အခါမျိုး၊ ကိုယ့်အဖွဲ့သားတွေက motivate ဖြစ်နေပြီး ပိုထိရောက်တဲ့ ရလဒ်ကိုလိုချင်တဲ့အခါမျိုးမှာ ဒီနည်းသုံးပြီး အဖွဲ့ကို ဦးဆောင် ညွှန်ကြားသွားလို့ရပါတယ်။
ဥပမာ − အရောင်း မန်နေဂျာတစ်ယောက် အနေနဲ့ sales target တွေချထားမယ်။ “ငါလုပ်သလို လိုက်လုပ်” ဆိုတာမျိုး။ ငါလည်းကြိုးစားမယ် မင်းတို့လည်း ကြိုးစားဖို့လိုတယ် ဆိုတာမျိုး။ ရှေ့ကနေ ဦးဆောင် ကြိုးစားပြတဲ့ ခေါင်းဆောင်မှုပုံစံဖြစ်ပါတယ်။
၆) Coaching Style
ဒီနည်းက တော့ သင့်လုပ်ငန်းမှာ ရှိနေတဲ့ အဖွဲ့သားတွေရဲ့ လုပ်နိုင်စွမ်းအား ကိုတက်လာစေဖို့ အကြံဉာဏ်ပေး၊ နည်းပေးလမ်းပြလုပ်တဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်ပါတယ်။
ဘယ်လို အချိန်အခါ မျိုးမှာသုံးသင့်လဲဆိုတော့ ဥပမာ − သင့်အဖွဲ့ထဲက အရောင်းသမားတစ်ယောက် ကရောင်းအားတွေ တအားကျနေတယ်။ ဒါကို အာဏာသုံးပြီး ဒီလောက် ရအောင် ရောင်းကိုရောင်းရမယ်ဆိုပြီး လုပ်တာထက် သူ့ကိုခေါ်ပြီး ဆွေးနွေးမယ်၊ သူ့ကြုံနေရတဲ့ အခက်အခဲတွေကဘာလဲ သူ့ရဲ့ အားသားချက်၊ အားနည်းချက်ကို သိအောင် အရင်လုပ်မယ်။ ပြီးရင် သူ့ရဲ့အားသာချက်ကို သူကိုယ်တိုင် မြင်အောင် လမ်းညွှန်ပြပေးမယ်၊ အားနည်းချက်ကို သူကိုယ်တိုင် လက်ခံသွားပြီး တိုးတက်အောင် လုပ်သင့်တဲ့အကြံဉာဏ်တွေ ပေးတဲ့ ခေါင်းဆောင်မှု ပုံစံမျိုးက ပိုထိရောက်ပါတယ်။
ဆိုတော့ ကျွန်တော်တို့က လူတိုင်းကို အချိန်တိုင်းမှာ ပုံစံတစ်မျိုးထဲနဲ့ ခေါင်းဆောင်ပြီး ခိုင်းနေလို့မရပါဘူး။
သင့်အဖွဲ့ထဲက လူတွေရဲ့ အခြေအနေတွေ၊ ဖြစ်နေတဲ့ အနေအထားတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မူတည်ပြီးတော့ သင့်တော်တဲ့ ခေါင်းဆောင်မှု ပုံစံကို ပြောင်းလဲ အသုံးပြုမယ်ဆိုရင် အောင်မြင်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာမှာပါ။
အရောင်းနှင့် မားကတ်တင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကို စဥ်ဆက်မပြတ်လေ့လာဖို့အတွက် Better Version ကို Like & follow ထားလိုက်တော့နော်။
#BetterVersion #BetterLeaders
#MakeYourProgress
#Leadershipstyle