သင့်ဝယ်သူတွေနဲ့ယုံကြည်မှုတည်ဆောက်နိုင်စေဖို့
October 9, 2020 2020-10-09 13:52သင့်ဝယ်သူတွေနဲ့ယုံကြည်မှုတည်ဆောက်နိုင်စေဖို့
အရောင်းပိုင်းဂုရုကြီး “Zig Ziglar” ကပြောခဲ့ပါတယ် “If people like you they’ll listen to you, but if they trust you they’ll do business with you” လူတွေက သင့်ကို သဘောကျရင် သင်ပြောတာနားထောင်မယ်။ သင့်ကို ယုံသွားပြီးဆိုရင်တော့ သင်နဲ့အလုပ်တွဲ လုပ်ကြပါလိမ့်မယ်တဲ့။
အရောင်းအဝယ်လုပ်တယ်ဆိုတဲ့ နေရာမှာလည်း ဝယ်သူတွေဆိုတာက သူတို့ယုံကြည်တဲ့ သူတွေဆီကနေပဲ ဝယ်တာဖြစ်ပါတယ်။ ဘယ်သူကမှ သူတို့မယုံကြည်တဲ့ အရောင်းသမား၊ မယုံကြည်တဲ့ company ကနေ ကုန်ပစ္စည်း ကိုမဝယ်ကြပါဘူး။
ဒီတော့ အရောင်းသမားတွေ၊ အရောင်းပိုင်းကို စီမံခန့်ခွဲနေရတဲ့သူတွေ အနေနဲ့ သင့်ဝယ်သူတွေရဲ့ ယုံကြည်မှုကို ရဖို့ လုပ်သင့်တဲ့အချက် အချို့ကို ဆွေးနွေးပေးချင်ပါတယ်။
၁) သင့်ဝယ်သူကို ပေးပါ့မယ်လို့ ပြောထားတာထက်ကို ပိုပေးနိုင်အောင် ကြိုးစားပါ။
တစ်ခါတစ်လေကြတော့ အရောင်းသမားတွေက ရောင်းရချင်တာကြောင့် မဝယ်ခင်တော့ ရွှမ်းရွှမ်းဝေအောင် ကတိတွေပေးတယ်။ ဟိုဟာလုပ်ပေးပါ့မယ်၊ ဒီဟာလည်းလုပ်ပေးပါ့မယ် ပြောထားတဲ့အခါကြတော့ ဝယ်သူတွေရဲ့ မျှော်လင့်ချက်ကြီးကြီးထားကြတယ်။ ဝယ်လိုပြီးရော ထင်ထားသလို ဖြစ်မလာတဲ့အခါကြတော့ အဆင်မပြေပါဘူး။
ရလဒ်ကတော့ နောက်ဆို ဒီ brand ကိုလုံးဝမဝယ်တော့ဘူး ဆိုတာမျိုးတွေဖြစ်လာတာပေါ့။ ဒီတော့ အရောင်းသမားတွေအနေနဲ့ သင်လုပ်ပေးနိုင်တဲ့ ကတိကိုပဲပေးဖို့လိုပါတယ်။ ပြီးတော့မှ သင့်ဘက်ကလည်း လုပ်ပေးလိုက်လို့ ထိခိုက်သွားတာ ပိုကုန်ကျသွားတာမရှိဘူး။ ဝယ်သူတွေဘက်ကကျတော့ ပို အဆင်ပြေသွားစေတဲ့ အရာမျိုးရှိရင် လုပ်ပေးလိုက်ပါ။ ဒါဆိုရင် သင့်အနေနဲ့ ဝယ်သူတွေနဲ့ ပိုကောင်းတဲ့ မိတ်ဆွေဆက်ဆံရေးကို ဖန်တီးနိုင်ပါတယ်။
၂) အဆင်မပြေကြောင်းပြောလာရင် တတ်နိုင်သလောက် မြန်မြန်ဆန်ဆန်လေး ပြန်ပြောပေးနိုင်အောင် ကြိုးစားပါ။
တစ်ခါတစ်လေကြတော့ ကျွန်တော်တို့က မရောင်းရခင်သာ တစ်ခုခု သိချင်လို့မေးရင် အချိန်တိုအတွင်းပြန်ပြော နိုင်အောင် ကြိုးစားကြပေမယ့် ဝယ်ပြီးလို့ တစ်ခုခု အဆင်မပြေလို့ ပြောချင်တာမျိုးဆို သွားမေးလိုက်တယ် ပြန်မပြောတော့ဘူးဆိုရင် ဝယ်သူတွေအနေနဲ့ အဆင်မပြေပါဘူး။ ငါဒီ ပစ္စည်းကို ဒီ ကုမ္ပဏီ ကဝယ်လိုက်တာ မှားများသွားပြီလားဆိုတဲ့ အတွေးတွေဝင်လာတာပေါ့။ ရလဒ်ကတော့ ယုံကြည်မှုပျောက်ဆုံးလာတာပေါ့။
ဒီတော့ဝယ်သူတွေ ပြောတဲ့ complain (အဆင်မပြေမှုတွေ) ကို ချက်ချင်း ဖြေရှင်းမပေးနိုင်ရင်တောင် ဘယ်အချိန်လောက်တော့ အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ့်။ အဲ့အချိန်ထိစောင့်ပေးပါ ဆိုတာမျိုးကကြတော့ ဝယ်သူတွေ အနေနဲ့လည်း သူတို့ တောင်းဆိုတာကို အလေးထားပါလားဆိုတဲ့ ခံစားချက်မျိုးကို ရစေပါတယ်။ ဒီနည်းနဲ့ သင့်လုပ်ငန်းအပေါ် မှာ ဝယ်သူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်လို့ရပါတယ်။
၃) ကိုယ့်ကုန်ပစ္စည်းကို ဝယ်သူသုံးစွဲသွားခဲ့သူတွေရဲ့ ထင်မြင်ယူဆချက် တောင်းပြီး အားလုံးကြည့်နိုင်အောင် လုပ်ထားပေးပါ။
ဒါကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ အရင်သုံးသွားခဲ့သူတွေကို သုံးရတာ အဆင်ပြေလား ဘာတွေများလိုအပ်ချက်ရှိလဲ လို့ ဆက်သွယ်မေးမြန်းတာမျိုးက ဝယ်သူဘက်က ကြည့်ရင်လည်းသူတို့ ကို အလေးထားတယ်။ ဝယ်ပြီးသွားတာတောင် After sales service ကောင်းတယ်ပေါ့။
သင့်လုပ်ငန်းဘက်က နေကြည့်ရင်ကျတော့ သူတို့ပြောတဲ့ အဆင်မပြေတဲ့အချက်ကို နောက် ထပ်မဖြစ်အောင် ကြိုးစားပြင်ဆင်မယ်။ သူတို့တွေရေးခဲ့ပေးခဲ့တဲ့ Recommendation (ထောက်ခံမှုတွေ) တွေ၊ reviews တွေကလည်း ဒီလုပ်ငန်း ဒီထုတ်ကုန်ကို ဝယ်ယူသုံးစွဲဖို့ အခြားလူတွေ ရဲ့ ယုံကြည်မှုကို တည်ဆောက်ပေးလိုက်တာပဲပေါ့။
၄) နောက်ဆုံးအချက်ကတော့ အရောင်းသမားကိုယ်တိုင် ယုံကြည်မှုတည်ဆောက်နိုင်အောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။
ဝယ်သူတွေအနေနဲ့ ကုန်ပစ္စည်းကိုမဝယ်ယူခင် အရောင်းသမားတွေ နဲ့အရင်တွေ့ရတာပါ။ ဒီတော့ အရောင်းသမားတွေ ရဲ့ ပြုမှုပုံ၊ ပြောဆိုပုံတွေက ယုံကြည်ထိုက်တဲ့ အနေအထားမျိုး ရှိနေဖို့လိုပါတယ်။
နာမည်ကျာ် ရှင်ရှင်ဇာတ်ကား ဖြစ်တဲ့ “The Wolf Of Wall Street” ထဲ ဇာတ်ကောင် Jorden Belford ကတော့ ဝယ်သူတွေက အရောင်းသမားတွေနဲ့ ဆက်ပြီး စကားပြောဖို့၊ အရောင်းအဝယ်ကိစ္စ ဆက်ပြီးဆွေးနွေးဖို့ကို စကားပြော ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှု၊ ကိုယ့်ကုန်ပစ္စည်း၊ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်မှု ဒီ ၃ ချက် ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ကြောင့် အရောင်းသမားတွေအနေနဲ့ ပထမဆုံးဆက်ဆံမှုမှာထဲက ဝယ်သူတွေရဲ့ လေးစား၊ ယုံကြည်မှုကိုရပြီးတော့၊ အရောင်းရလဒ်ကောင်းတွေရဖို့ အတွက်ဆိုရင် ဒီ အချက်တွေကို လုပ်ဆောင်ဖို့လိုပါတယ်။
ဒါတွေကတော့ အရောင်းပိုင်းမှာလုပ်နေကြသူတွေအနေနဲ့ သင့်လုပ်ငန်းမှာ သင့်ဝယ်သူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ကြိုးစားတဲ့အခါမှာ ထည့်သွင်းစဉ်းစား လုပ်ဆောင်သင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီအချက်တွေကို လက်တွေ့အသုံးချကြည့်ရင်း ဝယ်သူတွေရဲ့ ယုံကြည်မှုရပြီး ရောင်းအားတွေ တက်လာစေဖို့ မျှော်လင့်ပါတယ်။
အရောင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေဖတ်ရှု့ချင်ရင်တော့ ကျွန်တော်တို့ Better Version Website မှာအချိန်မရွေး ဖတ်ရှု့ လေ့လာနိုင်ပါတယ်။
#BetterVersion
#MakeYourProgress
#HowTobuildtrust